ဗီတာမင် စီ အကြောင်းဘာတွေသိထားလဲ

ဗီတာမင် စီ အကြောင်းဘာတွေသိထားလဲ လူ့ခန္ဓာကိုယ်မှာ ပုံမှန် ဘယ်လောက် ရှိလဲ သွေးထဲမှာ 60-100 mmol/dl ရှိပါတယ်။ ဗီတာမင် စီ အများကြီးစားရင် ဘာတွေဖြစ်တတ်လဲ

 · 1 min read



ကျွန်တော် လူတော်တော် များများကို ဗီတာမင် စီ ကဘာအတွက်ကောင်းလဲ မေးရင် တော်တော်များများ ပြန်ဖြေတာကတော့ ဝိတ်ကျစေတယ်လို့ပဲ ဖြေတာများပါတယ်။ အခုထိ လေ့လာတွေ့ရှိချက်များ အရ ဗီတာမင် စီက ကိုလက်စထရော ကျစေတယ်လို့ပဲ စာတမ်းတွေ ရှိပါသေးတယ်။ ဝိတ်ကျတယ်လို့တော့ အခုထိရှာမတွေ့သေးပါဘူး။

တခြားသော လူသိပ်မသိကြသေးတဲ့ ဗီတာမင်စီ ရဲ့ကောင်းကျိုးလေးတွေ ရှိပါသေးတယ်။

  1. အသားအရေကို တင်းရင်းစေခြင်း
  2. အရိုးဖွဲ့စည်းတည်ဆောက်မှုကို အားပေးခြင်း
  3. အနာကျက်လွယ်စေခြင်း
  4. ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောများကို အဆီချေဖျက်ရာတွင် အသုံးလိုတဲ့ သည်းခြေရည်ဖြစ်အောင် ပြောင်းလဲပေးနိုင်ခြင်း။
  5. လူတွေရဲ့စိတ်ကို ပျော်အောင်၊ စိတ်ပူပန်အောင်၊ စိတ်ဓာတ်ကျအောင် စတာတွေကို ထိန်းချုပ်ပေးနေတဲ့ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးထွက်အောင်လည်း အားပေးပါတယ်။ အကြမ်းဖျင်းအားဖြင့် Serotonin (ဆီရိုတိုနင်) နည်းရင် စိတ်ဓာတ်ကျဝေဒနာခံစားရတတ်ပါတယ်။
  6. ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျှော့ကျစေနိုင်ခြင်း။

ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတဲ့အတွက် ရာသီတုပ်ကွေးရောဂါနဲ့ အခြားသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးမွှားများကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့ပြင်

  1. နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း
  2. ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း
  3. ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ(Neurodegenerative diseases) ကိုကာကွယ်ပေးခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။

ဗီတာမင် စီ ကဘာတွေစားရင် ရမလဲ

အများစု သိထားကြတဲ့အတိုင်း ချဉ်တဲ့အသီးတွေဆို ဗီတာမင်စီ ကြွယ်ဝ ပါတယ်။ တခြားကျွန်တော်တို့ မထင်မှတ်ထားတဲ့ အစားအစာမှာလည်း ဗီတာမင်စီ ကြွယ်ဝကြပါတယ်။ ဥပမာ-

  1. ငရုတ်ပွ အနီ/အစိမ်း
  2. စတော်ဘယ်ရီ
  3. လိမ္မော်၊ သံပုရာ
  4. ခရမ်းချဉ်သီး
  5. ပန်းဂေါ်ဖီစိမ်း
  6. ဇီးဖြူသီး
  7. ကိုက်လန်
  8. မာလကာသီး
  9. ဂရိတ်ဖရုသီး စတာတွေ စားပေးလို့ရပါတယ်။



လူ့ခန္ဓာကိုယ်မှာ ပုံမှန် ဘယ်လောက် ရှိလဲ

သွေးထဲမှာ 60-100 mmol/dl ရှိပါတယ်။

ဗီတာမင် စီ အများကြီးစားရင် ဘာတွေဖြစ်တတ်လဲ

အဓိက ပြဿနာကတော့ ဗိုက်အောင့် ဗိုက်နာဖြစ်ပြီး ဝမ်းခဏခဏသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးကလည်း ဗီတာမင်စီ အားဆေးတွေကို လိုတာထက်ပိုသောက်နေတဲ့ လူတော်တော်များများမှာဖြစ်လေ့ရှိပါတယ်။ အဲ့ဒီလိုဖြစ်လာရင်တော့ ဆေးသောက်တာကို ရပ်လိုက်သင့်ပါတယ်။ သောက်တာ ရပ်ပြီး ၂ရက်၊ ၃ ရက်နေတာနဲ့ ပုံမှန် ပြန်ဖြစ်သွားပါ လိမ့်မယ်။



ဘယ်လို လူတွေမှာ ဗီတာမင်စီ ချို့တဲ့လေ့ရှိလဲ

  1. အရက် အလွန်အကျွံသောက်သုံးသူများ
  2. ဆေးလိပ်သောက်သူများ
  3. နာမကျန်းဖြစ်နေသူများ
  4. ပိုးသတ်ဆေး သောက်နေသူများ
  5. အနာသက်သာဆေးသောက်နေသူများ
  6. ဓာတ်ဆီ၊ ရေနံဆီတွေနဲ့ အမြဲထိတွေ့ကိုင်တွယ်နေရသူများ
  7. သတ္တုတွင်း၊ သတ္တုပစ္စည်းများနဲ့ ထိတွေ့ကိုင်တွယ်နေရသူများ။

အထက်ဖော်ပြပါ ဗီတာမင် စီ ချို့တဲ့နိုင်တဲ့ သူများအနေနဲ့ သာမန်လူထက် ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာများ ပိုစားပေးဖို့လိုပါတယ်။ လိုအပ်မှသာ ဆေးဝါး အကူအညီကို ဆရာဝန် နှင့် သေချာဆွေးနွေးတိုင်ပင်ပြီးမှသာ သောက်ဖို့ အကြံပြုချင်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်



No comments yet

No comments yet. Start a new discussion.

Add Comment