Rapid Test Kit

Rapid Test Kit များအကြောင်းသိကောင်းစရာ အပိုင်း (၁)  · 2 min read


Rapid Test Kit များအကြောင်းသိကောင်းစရာ အပိုင်း (၁)

ကျနော်ရေးချင်တာက Test kit တွေရဲ့တိကျမှု Sensitivity နဲ့ Specificity အကြောင်းပါ။ ဒါပေမယ့်အခြေခံလေးသိမှဖြစ်မှာမို့နည်းနည်းပြောပါမယ်။

အမြန်စစ်တဲ့ Test kit တွေမှာ ရောဂါမဖြစ်မှန်းမသိခင်မှာ #ရောဂါပိုးရှိမရှိ Antigen Rapid Test (ART) နဲ့ စစ်ဆေးပါတယ်။ RDT rapid diagnostic test လို့လည်းခေါ်ပါတယ်။

ရောဂါဖြစ်ပြီးသွားရင် ရောဂါခုခံအား Antibodies ထွက်မထွက် Test kit နဲ့စစ်ဆေးပါတယ်။

ရောဂါခုခံအား Antibodies စစ်တာကို Immunoglobulin Test လို့ခေါ်ပါတယ်။

IgA, IgG, IgM, IgE, IgD စသည့် ရောဂါခုခံအားတွေရှိပါတယ်။

ကျနော်တို့အဓိကစစ်ချင်တာ IgG (Immunoglobulin G) ပါ။

IgG ဟာ ကိုယ်ခန္ဓာမှာအများဆုံးတွေ့ရတဲ့ ရောဂါကိုခုခံတဲ့ ပဋိပစ္စည်း antibodies အမျိုးအစားပါ။

IgG ကိုသွေးနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေထဲမှာတွေ့ရပြီး IgG က ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရန်ကို ခုခံကာကွယ်ပေးပါတယ်။

IgM ကို သွေးထဲမှာအဓိကနဲ့ lymph အရည်ကြည်တွေထဲမှာတွေ့ရပါတယ်။ IgM ဟာ ရောဂါကူးစက်မှုတစ်ခုဖြစ်ရင် ခုခံဖို့ပထမဆုံးစထွက်တဲ့ antibody ပဋိပစ္စည်းပါ။

IgG နဲ့ IgM ဘယ်ဟာအရင်လဲကိုမရောထွေးရအောင် M for moment, G for gain လို့အလွယ်မှတ်ကြပါတယ်။

M က moment အချိန်တိုပဲပေါ်တာ။ G က ကြာရှည်ရရှိတာလို့ အလွယ်မှတ်ထားပါ။

IgA ဆိုရင် နို့ရည်၊ မျက်ရည်၊ တံတွေးစသည်တို့မှာတွေ့ရမယ်။ သူက လူရဲ့အသက်ရှုလမ်းကြောင်းမှာပေါ်တာမို့ ရောဂါကူးစက်မှုကာကွယ်ရေးမှာအရေးပါတယ်။ ဒါပေမယ့် Test kit တွေမှာမပါဘူး။

IgE ဆိုရင် လူမှာဖြစ်တဲ့ကပ်ပါးရောဂါတွေ၊ ယာနာတွေဖြစ်ရင်ထွက်တယ်။

IgD ကသွေးထဲမှာနည်းနည်းလေးပဲပါပြီး လူတွေအပြည့်အဝနားမလည်သေးဘူး။

ကျနော်တို့စစ်နေတဲ့ Antibodies Test Kit တွေကို ကြည့်ရင် C, IgG, IgM ဆိုတဲ့အမှတ်အသား (၃) ခုပါတယ်။

🩸သွေးကိုဖောက်ပြီး သွေးစက်ထည့်ရမယ့် sample pad အပေါက်ထဲထည့်မယ်။ ပြီးရင်ပါလာတဲ့ assay buffer နှစ်စက်လောက်ထည့်မယ်။ ပြီးရင် ၁၅ မိနစ်လောက်စောင့်မယ်။

အဲ့ဒီမှာ sample pad အကွက်ထဲကအရည်လေးတွေကို တဖက်ထိပ်က absorbtion pad ကစုပ်ယူတဲ့အတွက် Test kit တလျှောက်စီးသွားတယ်။

တဖက်ထိပ်ကနေ အခြားတဖက်ထိပ်ကိုဖြတ်ပြေးသလိုပဲ။

အထဲမှာရွှေမော်လီကျူးပါတဲ့အလွှာတွေရှိတယ်။ ပြီးရင် နိုက်ထရိုဆဲလ်လူးလို့စ်အလွှာပေါ်မှာရှိတဲ့ IgM လိုင်း၊ IgG လိုင်းတွေကိုဖြတ်ပြီး C ဆိုတဲ့လိုင်းကိုပါဖြတ်ပြီးပန်းဝင်သွားတယ်။

C ဆိုတာစစ်တာအောင်မြင်ကြောင်း သိစေတယ်မျဉ်း။ ပေါ်ကိုပေါ်ရမယ်။ သွေးရည်တွေကသူ့ဆီကိုဖြတ်စီးသွားကြောင်းပန်းဝင်ကြောင်းသေချာစေတာ။

ပြီးရင် IgM နဲ့ IgG ပေါ်လားကြည့်မယ်။

👉 C တစ်ကြောင်းပဲပေါ်ရင် Antibodies IgG ရော IgM ရောမထွက်သေးဘူး။ (လွန်ခဲ့သော ၁၀ ရက်အထိ ရောဂါပိုးလုံးဝမကူးစက်ဖူးသူလို့ယူဆရတယ်)

👉 C နဲ့ G နှစ်ကြောင်းပေါ်ရင် past infection ရောဂါပိုးကူးစက်ခဲ့တာ အနည်းဆုံး တစ်လလောက်ရှိပြီ။ ကိုယ်ခံအား IgG ရနေပြီ။ နောက်ထပ် (၃) လအတွင်း ပြန်ကူးနိုင်ခြေနည်းတယ်။ လုံးဝထပ်မကူးဘူးလို့ အာမမခံဘူး။

👉 C နဲ့ M နှစ်ကြောင်းပေါ်ရင် recent infection ရောဂါပိုးကူးစက်ခဲ့တာ အနည်းဆုံး ၃ ရက်ကနေ တစ်ပတ်ဝန်းကျင်လောက်ရှိပြီ။ ကိုယ်ခံအား IgM တွေထွက်ပြီးစတိုက်စပြုနေပြီ။

👉 C ရော G ရော M ရော သုံးကြောင်းစလုံးပေါ်ရင် ရောဂါပိုးကူးစက်ခဲ့တာ အနည်းဆုံး ၁၀ ရက်ကနေ နှစ်ပတ်ဝန်းကျင်လောက်ရှိပြီ။ ကိုယ်ခံအား IgM အပြင် IgG တွေပါထွက်ပြီးတိုက်နေပြီ။

အဲ့လို ၃ ကြောင်းစလုံးပေါ်သူကို နောက်တစ်လလောက်မှာထပ်စစ်ရင် C နဲ့ IgG ပဲပေါ်တော့မယ်။ IgM ပျောက်သွားလိမ့်မယ်။

❌ အကယ်လို့ C မပေါ်ပဲ IgG ပဲပေါ်တာ၊ IgM ပဲပေါ်တာ၊ IgG နဲ့ IgM ပဲပေါ်တာဆိုရင် မအောင်မြင်ပါ။ ပြန်စစ်ပါ။

ကိုဗစ်ကာကွယ်ဆေးထိုးထားသူမှာ IgG ပေါ်မလား❓

💯% ရာနှုန်းပြည့်မပြောနိုင်ပါ။ 🇬🇧 ယူကေနိုင်ငံမှာ Oxford ကာကွယ်ဆေးနဲ့ Pfizer ကာကွယ်ဆေးထိုးထားသူများ 95% IgG Cl ရှိပါတယ်။

💉 ထိုးထားတဲ့ ကာကွယ်ဆေးအမျိုးအစားကဘာလဲ❓

ကာကွယ်ဆေးဘယ်တုန်းကထိုးထားတာလဲ❓

ကာကွယ်ဆေးထိုးထားသူက အသက်အရွယ်ဘယ်လောက်ရှိသလဲ❓အပေါ်မှာမူတည်ပါတယ်။

အသက် ၈၀ ကျော်ရင် IgG ထွက်တာနည်းတတ်ပါတယ်။ ကာကွယ်ဆေးထိုးထားတာမကြာသေးရင်လည်း IgG မထွက်သေးတာဖြစ်တတ်ပါတယ်။ လူရဲ့ကိုယ်ခံအားအပေါ်မှာလည်းမူတည်ပါတယ်။

ဒါဆိုရင် ကိုဗစ်ဖြစ်ပြီးနလန်ထလာသူတိုင်းမှာ IgG ပေါ်ကိုပေါ်မှာလား❓

ပုံမှန်က IgG ပေါ်ကိုပေါ်ရမှာ။

ကိုဗစ်ဖြစ်ထားတာသေချာရဲ့သားနဲ့ IgG မပေါ်ဘူးဆိုရင် စစ်တဲ့ Test kit ရဲ့ Sensitivity နဲ့ Specificity ကိုပြန်စစ်ဆေးရမယ်။ ပြီးတော့ လူနာရဲ့အခြေအနေကိုလည်းပြန်ကြည့်ရမယ်။

Sensitivity နဲ့ Specificity ကိုနောက် Post အပိုင်း (၂) မှာရေးမှာပါ။ အဲ့ဒါကိုအဓိကရေးချင်လို့ ယခု post ကိုရေးတာဖြစ်ပါတယ်။

အားလုံး IgG အပြည့်အဝရရှိကြပါစေ။ 🙏

Richard Myo Thant

3-August -2021



No comments yet

No comments yet. Start a new discussion.

Add Comment