ကိုဗစ်ကာလမှာ ဘာကြောင့် အိပ်မပျော် ရတာလဲ။

ကိုဗစ်ကာလမှာ အိပ်မပျော် တဲ့ လူဦးရေက အရင်ကထက်ပိုပြီး များလာပါတယ်။ ဒါကို ကိုဗစ်ကြောင့် အိပ်မပျော်ခြင်း Coronasomiaလို့ ခေါ်ပါတယ်။

 · 2 min read

ကိုဗစ်ကာလမှာ အိပ်မပျော် တဲ့ လူဦးရေက အရင်ကထက်ပိုပြီး များလာပါတယ်။ ဒါကို ကိုဗစ်ကြောင့် အိပ်မပျော်ခြင်း Coronasomiaလို့ ခေါ်ပါတယ်။ ဒီလိုသာ အိပ်မပျော်ဘူးဆိုရင် ကြာလာရင် ပစ်လဲသွားမှာပါ။ ဒီတော့ ကြိုးစားပြီး အိပ်ကြည့်ရအောင်။

ကိုဗစ်ကာလမှာ ဘာကြောင့် အိပ်မပျော် ရတာလဲ။

အဓိကကတော့ ကိုဗစ်ရောဂါကြောင့်ပါပဲ။ အပြင်မထွက်ရဘဲ အိမ်ထဲမှာပဲ အောင်းနေရတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံမှု မရှိတော့ဘဲ အထီးကျန်တယ်။ အလုပ်တွေ၊ ကျောင်းတွေ ရပ်လိုက်ရတာကြောင့် ရည်မှန်းထားတာတွေ ပျက်စီးသွားတာ၊ တချို့တွေဆို ရောဂါကြောင့် အလုပ်တွေ ရပ်လိုက်ရတာ၊ အလုပ်ပြုတ်သွားတာ၊ ဒီထက်ဆိုးတဲ့ အခြေအနေမှာ ချစ်ခင်ရတဲ့လူတွေ ကူးစက်ခံရတာ၊ ကွယ်လွန်သွားတာ စတာတွေကြောင့် ဖြစ်ပါတယ်။

ဒီလောက်ဆိုးတဲ့ အတွေ့အကြုံတွေ ခံစားနေရမှတော့ အိပ်မပျော်တာ ဆန်းတော့ မဆန်းပါဘူး။ အိပ်မပျော်တာအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တဲ့ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်တွေ များတာတွေပါ ခံစားလာရပါတော့တယ်။

ကိုဗစ်ကြောင့် အိပ်စက်ခြင်းကို ထိခိုက်လာရ

အိပ်မပျော်တာပဲလား ဆိုတော့ မဟုတ်ပါဘူး။ အိပ်စက်တဲ့ ပုံစံတွေပါ ပြောင်းလဲသွားပါတယ်။ ဥပမာ

အတွေးတွေများပြီး အိပ်မပျော်တာ

အိပ်ရာထဲမှာ တော်တော်ကြာ အချိန်ကုန်ပြီး အိပ်လို့မရတာ

မှေးခနဲ အိပ်ပျော်၊ ပြန်နိုးလာပြီး ပြန်အိပ်မရတာ

အိပ်နေတုန်း လန့်လန့်နိုးတာ

အိပ်လိုက်ပေမယ့် အိပ်ရေး မဝသလို ခံစားရတာ

အိပ်မက်ဆိုးတွေ မက်တာ

နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ

ညဆို အိပ်မပျော်ပေမယ့် မနက်ကျ အစောကြီး နိုးနေတာ

ခေါင်းမကြည်တာ

နေ့ဘက်တွေမှာ အိပ်ငိုက်တာ စတာတွေ ကြုံရတတ်ပါတယ်။

ဒါ့ပြင် အိပ်ချိန်တွေလည်း ပြောင်းသွားပါတယ်။ ညဉ့်နက်မှ အိပ်ပျော်ပြီး နေ့လယ်၊ ညနေလောက်မှ ပြန်နိုးလာတာ၊ ညကျ ပြန်အိပ်မပျော်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

အိပ်မပျော် ခြင်းရဲ့ နောက်ကွယ်

ကိုဗစ်ကြောင့် အိပ်မပျော်တာပဲလေဆိုပြီး ဒီတိုင်း ထားလိုက်လို့တော့ မရပါဘူး။ အိပ်စက်တယ်ဆိုတယ် ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ ၃ပုံ၁ပုံကို အိပ်စက်ရတာပါ။ ဒီလိုသာ ရေရှည် အိပ်ရေးပျက်မယ်ဆိုရင်တော့

နဂိုရောဂါအခံတွေ ပိုဆိုးလာတာ (ဥပမာ ဆီးချို သွေးတိုး ထိန်းရခက်လာတာ)

ကိုယ်ခံအားကျလာတာ (ဒါအရေးကြီးပါတယ်။ ကိုဗစ်ကာလမှာ ကိုယ်ခံအားထိခိုက်ခံလို့ မဖြစ်ပါဘူး)

ညဘက်တွေ အိပ်မပျော်တော့ ဗိုက်ဆာ၊ ဆာတော့စား၊ ဝိတ်တက်

စိတ်တိုစိတ်ဆတ်တာ

အာရုံစူးစိုက်မရတာတွေ ဖြစ်လာမှာပါ။

အိပ်ပျော်စေမယ့် နည်းလမ်းကောင်းများ

နည်းလမ်းဟောင်းတွေပဲ ဖြစ်ပေမယ့် ကြိုးစားပြီး လိုက်လုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

Sleep hygieneရှိအောင်နေပါ။

Sleep hygiene ဆိုတာက အိပ်စက်ဖို့ ပတ်ဝန်းကျင်ကောင်းဖြစ်အောင် ဖန်တီးပါလို့ ဆိုလိုတာပါ။ ဘာတွေပါလဲဆိုတော့

–အိပ်ချိန်သတ်မှတ်ပါ။ ဘယ်အချိန်အိပ်မယ်၊ ဘယ်အချိန်ထမယ်၊ တစ်နေ့ ဘယ်နှနာရီအိပ်မယ်ဆိုတာကို သတ်မှတ်ထားပါ။ ဖုန်းအပလီကေးရှင်းတွေနဲ့လည်း လုပ်လို့ရပါတယ်။ အရေးကြီးတာက နေ့တိုင်းသတ်မှတ်ဖို့ပါ။ ပိတ်ရက်တွေလည်း ပါပါတယ်။ ပိတ်ရက်မို့လို့ အိပ်ချိန်ကို ဖျက်လို့ မဖြစ်ပါဘူး။

-အကြာကြီး မမှေးပါနဲ့။ အထူးသဖြင့် နေ့ခင်းတွေမှာ မိနစ်၂၀၊ နာရီဝက်ထက် ပိုမမှေးပါနဲ့။ ဒီထက်ကြာရင် ညဘက် အိပ်ပျော်မှာ မဟုတ်ပါဘူး။

-နေရောင်ခြည်နဲ့ ထိတွေ့ပါ။ တစ်ချိန်လုံး အခန်းထဲမှာပဲ အောင်းမနေပါနဲ့။ နေရောင်ခြည်ရအောင် ဝရန်တာ ထွက်ပါ။ ပြတင်းပေါက်တွေ ဖွင့်ပါ။ မနက်ခင်း နေထွက်ရင် အခန်းထဲကို နေရောင်ခြည်ဝင်လာအောင် လုပ်ထားပါ။

-အိပ်ခန်းကို သေချာပြင်ဆင်ပါ။ ညဘက်ရောက်လို့ အိပ်မယ်ဆိုရင်တော့ မနက်နဲ့ ပြောင်းပြန် အခန်းကို အေးပြီး မှောင်နေအောင်ထားပါ။ မအိပ်ခင် အခန်းမီးကို ပိတ်ပြီး အဲကွန်း ဒါမှမဟုတ် ပြတင်းပေါက် ဖွင့်ထားပါ။ မီးဖွင့်ထားရင် အပူရှိန်နဲ့ အိုက်နေတတ်ပါတယ်။ အိပ်ရာကို သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းထားပါ။ Sleep candleတွေ၊ diffuserတွေ သုံးနိုင်ပါတယ်။ အနံ့တွေက စိတ်ကို ငြိမ်စေပါတယ်။

-အရက်သည် အိပ်ဆေး မဟုတ်။ အရက်က လူကို မူးယစ်ရီဝေစေတာပဲ ဖြစ်ပြီး အိပ်ပျော်စေတာ မဟုတ်ပါဘူး။ မူးမူးနဲ့ မှောက်သွားတာ ဖြစ်လို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်တာလိုမျိုး လူကို လန်းစေမှာ မဟုတ်ပါဘူး။ ဒါ့ပြင် မနက်မိုးလင်းရင် အရက်နာကျပြီး ခေါင်းကိုက်တတ်ပါသေးတယ်။

–ကော်ဖီကလည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ မမေ့ပါနဲ့။ အိပ်ချိန်နဲ့ အနည်းဆုံး ၆နာရီ ခွာသောက်ပါ။ ညနေ ၄နာရီကျော်ရင် ကော်ဖီ မသောက်ပါနဲ့တော့။ တစ်ပတ်ကို ၁၀ခွက်နဲ့ အထက်သောက်မယ်ဆိုရင် စိုးရိမ်စိတ်များတာ၊ စိတ်ကျတာ ဖြစ်တတ်ပါတယ်တဲ့။

-ညစာကို စောစောစားပါ။ အိပ်ခါနီးမှ စားရင် ရင်ပြည့် ဗိုက်အင့်ပြီး အိပ်လို့ ကောင်းမှာ မဟုတ်ပါဘူး။ အိပ်ခါနီးရင် အိပ်စက်ခြင်းကို အထောက်အကူပြုတဲ့ နွားနို့တို့၊ အစေ့အဆန်တို့ကို အနည်းငယ် စားပေးနိုင်ပါတယ်။

တစ်နေ့တာ အလုပ်ကို သတ်မှတ်ထားပါ။

လုပ်နေကျအလုပ်တွေကို နေ့စဉ် ပုံမှန် လုပ်မယ်ဆိုရင် ဦးနှောက်က ဘယ်အချိန်မှာ စားမယ်။ ဘယ်အချိန်မှာ နားမယ်ဆိုတာကို အလိုအလျောက် မှတ်မိနေမှာပါ။ နေ့တိုင်း ဒီအလုပ်ပဲ လုပ်နေရတော့ စိတ်ဖိစီးတာလည်း သက်သာပါတယ်။

အိမ်ကနေ အလုပ်လုပ်တဲ့ သူတွေလည်း ရုံးမှာလုပ်သလိုပဲ အချိန်သတ်မှတ်ထားဖို့ လိုပါတယ်။ အိမ်ကနေ အလုပ်လုပ်တာ သက်သာတယ်ထင်ပေမယ့်် တကယ်က ပိုပင်ပန်းတာပါ။ ရုံးဆင်းချိန် မရှိတော့သလို အားတိုင်းလုပ်နေရသလိုပါပဲ။ ဒါကြောင့် ရုံးတက်ရုံးဆင်းချိန်၊ နေ့လယ်စာစားချိန် သေသေချာချာ သတ်မှတ်ပါ။

အိပ်ခန်းထဲမှာ အလုပ်မလုပ်ပါနဲ့။ အိပ်ခန်းဆိုတာ အနားယူတဲ့ နေရာ ဖြစ်တဲ့အတွက် အိပ်ခန်းထဲမှာ အလုပ်နဲ့ ပတ်သက်တာတွေ မထားပါနဲ့။ ဧည့်ခန်း ဒါမှမဟုတ် တခြားနေရာမှာ အလုပ်လုပ်ပါ။

စိတ်ဖိစီးမှု လျှော့ချပါ။

အိပ်ရာထဲမှာ အတွေးတွေ များနေတာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ မအိပ်ခင်မှာ အာရုံများတဲ့ အလုပ်တွေကို ရှောင်ပါ။ မအိပ်ခင် ၁နာရီလောက်အလိုမှာ ဖုန်းမသုံးပါနဲ့။ စာဖတ်တာ၊ သီချင်းနားထောင်တာ တစ်ခုခု လုပ်ပေးပါ။ အိပ်ပျော်အောင် White noiseနားထောင်လို့ ရပါတယ်။

နေ့စဉ် ကိုယ်လက်လှုပ်ရှားပါ။

လေ့ကျင့်ခန်းလုပ်ပြီး အိပ်တာက ကိုယ်ကို အနားပိုရစေပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း သက်သာစေပါတယ်။ ဒါပေမယ့် အိပ်ခါနီးမှ ကပ်ပြီး လေ့ကျင့်ခန်း မလုပ်ပါနဲ့။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေက သွေးလည်ပတ်မှု ကောင်းစေပြီး ကိုယ်ကို ပူနွေးစေတာကြောင့် ပြန်အေးပြီး ငြိမ်အောင် အချိန်စောင့်ရလို့ပါ။ အိပ်ခါနီး လုပ်ချင်ရင် Youtubeကနေ အိပ်စက်ခြင်းကို ကူညီပေးတဲ့ ယောဂပို့စ်တွေ လုပ်နိုင်ပါတယ်။

အိပ်ခါနီး စိတ်တည်ငြိမ်အောင်ထားပါ။

တစ်နေကုန် အလုပ်တွေ လုပ်ထားတာကြောင့် တွေးစရာတွေက ခေါင်းထဲမှာ စုပုံနေမှာပါ။ မအိပ်ခင်မှ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပစ်ပါ။ မကျေနပ်တာ၊ မျိုသိပ်ထားရတာရှိရင် ချရေးလိုက်ပါ။ အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ်ပါ။ တရားထိုင်ပါ။ အိပ်ရာထဲကို တွေးစရာတွေ ယူမသွားပါနဲ့။

ဆိုရှယ်မီဒီယာ လျှော့သုံးပါ။

ကိုဗစ်ကာလမှာ ဘယ်သူတော့ ကူးသွားပြီ၊ ဒီနေ့ ဘယ်နှယောက် သေတာ စတဲ့ သတင်းတွေက လူကို ခြောက်ခြားစေပါတယ။ အိမ်ထဲမှာ နေနေပေမယ့် ငါ့အလှည့် ဘယ်တော့လဲလို့ တွေးမိစေပါတယ်။ သတင်းအမှားတွေ၊ ချဲ့ကားရေးထားတဲ့ သတင်းတွေနဲ့ တွေ့ရင် ပိုဆိုးပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာ လျှော့သုံးပါ။

အထူးသဖြင့် အိပ်ခါနီးအချိန်ဆို မသုံးပါနဲ့တော့။ အိပ်ခါနီးမှ သုံးမိရင် သတင်းတွေကြောင့် အိပ်ရခက်သလို ဖုန်းမီးရောင်ကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။


Credit: ဒေါက်တာထွန်းဇော်ဦး


No comments yet

No comments yet. Start a new discussion.

Add Comment