ဗီတာမင်ဒီ

ဗီတာမင်ဒီက သင့်ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးပါ။ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စွာရှိနေဖို့အတွက် ဗီတာမင်ဒီ ပြည့်ပြည့်ဝ၀ ရှိဖို့ အရေးကြီးပါတယ်။

 · 1 min read

ဗီတာမင်ဒီ

---၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊---

ဗီတာမင်ဒီက သင့်ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးပါ။ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စွာရှိနေဖို့အတွက် ဗီတာမင်ဒီ ပြည့်ပြည့်ဝ၀ ရှိဖို့ အရေးကြီးပါတယ်။

ဗီတာမင်ဒီအကြောင်း

----------------------------

ဗီတာမင်ဒီက အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် (Fat Soluble Vitamin)တစ်မျိုးပါ။လူ့အရေပြားအောက်မှာရှိတဲ့ ကိုလက်စထရောအဆီဓာတ်ကို နေရောင်ခြည်ကျရောက်တဲ့အခါ ဗီတာမင်ဒီ အဖြစ် ပြောင်းလဲပေးပါတယ်။ သာမန်လူတစ်ယောက်က နေ့စဉ် နံနက်ခင်းနေခြည်နုနုအောက်မှာ အချိန် ၁၀မိနစ်~ ၃၀မိနစ်ခန့် နေလိုက်ရင် ပုံမှန်လိုအပ်တဲ့ ဗီတာမင်ဒီဓာတ်ကို ရရှိစေပါတယ်။

ဗီတာမင်ဒီက ဘာကောင်းကျိုးရှိသလဲ

---------------------------------------------------

♦ ဗီတာမင်ဒီက ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ် သတ္တုဓာတ်တွေ ခန္ဓာကိုယ်ထဲမှာ ရရှိစေဖို့ လုပ်ဆောင်ပေးတဲ့နည်းနဲ့ အရိုးသန်စွမ်းစေပါတယ်။

♦ ဗီတာမင်ဒီက နှလုံးနဲ့ သွေးကြောကျန်းမာစေပါတယ်။

♦ စိတ်ကျရောဂါဝေဒနာလက္ခဏာတွေကိုလည်း သက်သာစေပါတယ်။

♦ ဗီတာမင်ဒီက သွေးတွင်း သကြားဓာတ်ကို ထိန်းပေးတယ်လို့ လေ့လာမှုတချို့အရ သိရပါတယ်။

♦ ဗီတာမင်ဒီက ကိုယ်ခံစွမ်းအား ကောင်းမွန်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ကိုယ်ခံစွမ်းအားစနစ်က ဘက်တီရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တွန်းလှန်နိုင်ဖို့ ဗီတာမင်ဒီကို လိုအပ်တဲ့အတွက် နေ့စဉ် ဗီတာမင်ဒီ ပုံမှန်ရဖို့ မလွယ်ရင်/ချို့တဲ့ရင် တစ်နေ့တာ လိုအပ်တဲ့ သတ်မှတ်ပမာဏအတိုင်း ဖြည့်စွက်သောက်သုံးနိုင်ပါတယ်။

တစ်နေ့တာ လိုအပ်သည့် ဗီတာမင်ဒီပမာဏ

--------------------------------------------------------

အသက်အရွယ်နဲ့ နေရာဒေသပေါ် မူတည် ပြီး တစ်နေ့တာ လိုအပ်တဲ့ ပမာဏက မတူပါဘူး။

မွေးကင်းစမှ ၁၂ လအထိ-10 mcg (400 IU)

၁နှစ်မှ ၇၀ နှစ်အထိ-15 mcg (600 IU)

၇၁နှစ်နှင့်အထက်-20 mcg (800 IU)

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်-15 mcg (600 IU)

(Ref;https://ods.od.nih.gov/fact-sheets)

သောက်လို့ရတဲ့ ဗီတာမင် ဒီနှစ်မျိုးကို ဘယ်ကနေ ရနိုင်သလဲ

--------------------------------------------------------

ဗီတာမင်ဒီမှာ D2 နဲ့ D3ဆိုပြီး သောက်သုံးလို့ရတဲ့ ဗီတာမင်ဒီ အမျိုးအစား ၂မျိုး ရှိပါတယ်။

ဗီတာမင် D2 ကို အပင်ထွက်အစာ၊ ဒိန်ခဲနဲ့ မှိုအမျိုးအစားတချို့ကနေ ရရှိနိုင် ပါတယ်။

ဗီတာမင် D3ကို အဆီများတဲ့ ငါး (ဥပမာ- ဆယ်လ်မွန်၊ တူနာ၊ မက်ကရယ်)၊ အမဲသားလို အနီရောင်အသား၊ အမဲအသည်း၊ ဥအနှစ်တွေကနေ ရရှိနိုင်ပါတယ်။

ဗီတာမင်ဒီချို့တဲ့ရင် ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်သလဲ

--------------------------------------------------------

ဗီတာမင်ဒီချို့တဲ့တဲ့အခါ-

♦ မကြာခဏ အအေးမိ၊ဖျားနာတတ်ပါတယ်။

♦ ပင်ပန်းနွမ်းနယ်တတ်ပါတယ်။

♦ ခါး၊အရိုးနဲ့ ကြွက်သား ကိုက်ခဲတတ်ပါတယ်။

♦ အရိုးကျိုးလွယ်ပါတယ်။

♦ စိတ်ဓာတ်ကျတတ်ပါတယ်။

♦ အနာကျက်နှေးစေနိုင်ပါတယ်။

♦ ကလေးတွေမှာ အရိုးပျော့ရောဂါဖြစ်တတ်ပါတယ်။

ကိုယ့်မှာ ဗီတာမင်ဒီချို့တဲ့မှုရှိ၊ မရှိ သွေးစစ်ဆေးကြည့်သင့်ပါတယ်။ (သွေးစစ်ဆေးလို့ ဗီတာမင်ဒီ ချို့ တဲ့နေရင် ဖြည့်စွက်အားဆေးကို မှီဝဲသင့်ပါတယ်။)

ဗီတာမင်ဒီကို ဘယ်သူတွေ မှီဝဲသင့်သလဲ

--------------------------------------------------------

♦ နေ့စဉ် နေရောင်ခြည် မရဘဲ/မထိဘဲ နေသူများ (ဥပမာ-အိမ်ထဲမှာပဲ နေသူများ၊ ညဆိုင်းအလုပ်လုပ်သူများ၊ အီကွေတာနဲ့ဝေးရာမှာ နေသူများ)

♦ ဗီတာမင်ဒီပါတဲ့ အစာမစားသူများ၊

♦ ဗီတာမင်ဒီနည်းတဲ့ နို့တိုက်မိခင်တွေနဲ့ သူတိုရဲ့ နို့စို့အရွယ်ကလေးငယ်များ၊

♦ နေရောင်ခြည်ကနေ ဗီတာမင်ဒီထုတ်လုပ်နိုင်စွမ်းနည်းတဲ့ အသားအရောင်ရင့်သူများ၊

♦ အဆီစုပ်ယူမှုမကောင်းတဲ့ ရောဂါရှိသူများ (ဥပမာ-အူရောင်ရမ်းတဲ့ ရောဂါရှိသူများ)

♦ အဝလွန်သူများ၊

♦ အိမ်ထဲမှာပဲ အမြဲ နေထိုင်တတ်သူများ၊

♦ ငါး၊ နို့ မစားသောက်သူများ

ဗီတာမင်ဒီလွန်ကဲတဲ့ပမာဏကို ရေရှည်စွဲသောက်ရင် ဘာဖြစ်တတ်သလဲ

--------------------------------------------------------

♦ သွေးထဲမှာ ဗီတာမင်ဒီပမာဏ အလွန်များရင် (375 nmol/L or 150 ng/mLထက်ပိုများရင်) ပျို့ချင်အန်ချင်စိတ်ဖြစ်ပေါ်ခြင်း၊ အန်ခြင်း၊ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း၊ နုံးချည့်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ဆီးသွားများခြင်း၊ ရေငတ်ခြင်းနဲ့ ဆီး ကျောက်တည်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

♦ သွေးထဲမှာ ဗီတာမင်ဒီက အလွန်အမင်းများရင် ကျောက်ကပ်ထိခိုက်ခြင်း၊ နှလုံးခုန်မမှန်ခြင်းတွေအထိ ဖြစ်စေနိုင်ပါတယ်။

#ဒါကြောင့် ဗီတာမင်ဒီအားဆေးကို ရေရှည်စွဲမှီဝဲနေသူတွေအနေနဲ့ ၃လတစ်ခါ သွေးစစ်ဆေးကြည့်ဖို့ အကြံပေးပါရစေ။

သတိပြုရန်

------------------

ဗီတာမင်ဒီကို မာလ်တီဗီတာမင်အားဆေးထဲမှာတွေ့ရတတ်သလို သီးသန့်တစ်မျိုးတည်းလည်း ရနိုင်ပါတယ်။ ဗီတာမင်ဒီကို အစာစားပြီးချိန် မှီဝဲရင် စုပ်ယူမှုအကောင်းဆုံးဖြစ်ပါတယ်။



No comments yet

No comments yet. Start a new discussion.

Add Comment