ကရမက်အကြောင်း သိကောင်းစရာ
ကရမက်သည် မြန်မာတိုင်းရင်းဆေးလောကတွင် နံ့သာဖြူ၊ နံ့သာနီ၊ အကျော်၊ စမ္ပာ၊ ကရမက် ဟု နံ့သာ (၅) မျိုးစာရင်းဝင် အဖိုးတန် အပင်ထွက် ဆေးပစ္စည်းမျိုးဖြစ်ပါသည်။
ကရမက်အကြောင်း သိကောင်းစရာ
ကရမက်သည် မြန်မာတိုင်းရင်းဆေးလောကတွင် နံ့သာဖြူ၊ နံ့သာနီ၊ အကျော်၊ စမ္ပာ၊ ကရမက် ဟု နံ့သာ (၅) မျိုးစာရင်းဝင် အဖိုးတန် အပင်ထွက် ဆေးပစ္စည်းမျိုးဖြစ်ပါသည်။ ၎င်းအပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အင်ရွက်ကဲ့သို့ အရွက်ကြီးပြီး ရွက်ခြားထွက်၏
ကရမက်အပင်၌"လူသတ်ပင်နှင့် နတ်သတ်ပင်ဟူ၍" နှစ်မျိုးရှိပြီး နတ်သတ်ပင်က သဘာ၀ အတိုင်း သက်တမ်းရင့်၊ သဘာဝအတိုင်းသေ၊ လွန်စွာမွှေးကြိုင်သည့် နံ့သာအနှစ်ကရမက်အစစ်ဖြစ်သည်။ ဆေးဖက်ဝင်၍ တန်ဖိုးကြီးပြီးအလွန်ရှား၏။ ၎င်းအသားကိုလိမ်းပြီး ရေချိုးလျှင်တောင်ခန္ဓာကိုယ်၌ ရနံ့စွဲနေသဖြင့် ရှေးမြန်မာ အဘွား၊အမေများက " ရေချိုးခံကရမက်" ဟု ညွှန်းဆိုကြ၏။ ကရမက်အစအနလေးကို မီးခဲတွင်တင်ကြည့်လျှင် တစ်အိမ်လုံးမွှေးကြိုင်သွားခြင်းသည် နတ်သတ်ကရမက်၏ အစွမ်းဖြစ်ပါသည်။
လူတို့ ခုတ်လှဲသတ်ထားသည့် ကရမက်သည် သက်တမ်းနု၍ အပင်အား နံ့သာအနှစ်အောင်းပြီး ခြောက်သွေ့လာအောင်(၁) နှစ် (၂) နှစ်မထားဘဲ ကရမက်တုံးအဖြစ်ထုတ်ယူမှုကြောင့် အသားမှာ ကျစ်လျစ်မှုနည်းပြီး မွှေးရနံ့နည်းပါး၏။
ကရမက်၏ဆေးဖက်ဝင်ဂုဏ်သတ္တိ
အရသာ အေး၏။ ခါး၏။ ချိုပြီး မွှေးစေသည့်သတ္တိကြောင့် နှလုံးပူပန်ခြင်းကို ငြိမ်းစေ၏။နှလုံးခုန်စည်းချက်ကို ပုံမှန်ဖြစ်စေသော သတ္တိရှိ၏။ အပူကို ငြိမ်းစေ၏။ရနံ့သည် စိတ်နှလုံးကို ကြည်လင်စေ၏။
အမျိုးသမီးများ မီးယပ်နှင့်ပတ်သက်သည့် မီးယပ်နည်းခြင်း၊ များခြင်း၊ မီးယပ်ဆုံးချိန် သွေးခိုးပူမှုတ်၍ခန္ဓာကိုယ်တစ်ကိုယ်လုံး (သို့) အစိတ်အပိုင်းအလိုက် ပူခြင်း၊ချွေးထွက်များခြင်း၊ ညအိပ်မပျော်ခြင်း၊ မီးယပ်ကွက်၊ မီးယပ်အရေပြားရောဂါ၊ မီးယပ်ချမ်းထခြင်း၊ သားအိမ်တွင်း အခိုး
အပူအောင်းခြင်း၊ သားအိမ်နာ၊ အလုံး၊ အကျိတ်ဖြစ်ခြင်းကို ကရမက်က ကာကွယ်ပေးနိုင်၏။
ကရမက်၏ ဆေးဖက်အသုံးဝင်ပုံ
ဆီး( ပူ၊နည်း၊ဝါ) ၊ ကျောက်ကပ်တွင်း အပူအောင်းပြီးခါးနာခြင်း၊ ဆီးအရောင်နောက်ခြင်း၊ ဆီးတွင်သွေးပါခြင်းတို့အတွက် ကရမက်ကို ဆန်ဆေးရည် ဒုတိယရေကြည်နှင့်ရောသွေးပါ။ ဟင်းစားဇွန်း(၁) ဇွန်းခန့်၊တစ်နေ့(၃) ကြိမ်
တစ်ပတ်ခန့်သောက်ပါရန်။
ဓာတ်မတည့်မှုကြောင့် သွေးယားခြင်း၊အရေပြား၌အဖု၊ အပိန့်ထွက်ခြင်းအတွက်"ကရမက်၊ ဧကရာဇ်မြစ်(၂) မျိုးရောသွေး။ သကြားကော်ဖီဇွန်း(၁) ဇွန်း ရောစပ်၍ဟင်းစားဇွန်း(၁) ဇွန်း နံနက်၊ ည သောက်ပေးပါ။
ရင်တုန်၊ နှလုံးခုန်၊ မူးဝေ၍ အိပ်မပျော်သူများ"
အတွက် ကရမက်၊ ဇီးစေ့အဆန်၊ သကြားဆတူရောအမှုန့်ပြု၍ ကော်ဖီဇွန်း(၁) ဇွန်းတစ်နေ့(၂)ကြိမ်၊ ရေကျက်အေးဖြင့်သောက်ပါ။
သွေးစုနာ၊အနာစာဥ၊အဖုအကျိတ်နာ"အတွက်
ကရမက်၊ နံ့သာဖြူ၊ ဇာတိပ္ဖိုလ်သီးအဆန်(၃) မျိုး ရောသွေး၍ တစ်နေ့(၄) (၅) ကြိမ် လိမ်းပေးပါ။
မီးယပ်သွန်၊ မီးယပ်လွန်၊သားအိမ်တွင် အနာချို့
ယွင်းချက်ရှိသူများအတွက် ကရမက်သွေးရည် ဟင်းစားဇွန်း(၁) ဇွန်းတွင် နနွင်းမှုန့်စစ်စစ် ကော်ဖီဇွန်း(၁) ဇွန်းရောစပ်ပြီး တစ်နေ့(၃) ကြိမ် ရေကျက်အေးဖြင့်သောက်ပါ။
အပူဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်းအတွက်" ကရမက်သွေးရည် ဟင်းစားဇွန်း(၁)ဇွန်းတွင်၊ မီးကွင်းဂမုန်းသတ္တုရည် ဟင်းစားဇွန်း(၁) ဇွန်း၊ သကြား ဟင်းစားဇွန်း(၁)ဇွန်း ရောစပ်ကာ တစ်နေ့(၃) ကြိမ်တိုက်ပေးပါ။
မီးယပ်ဖြူဆင်းလျှင် ကရမက်ကို ဆန်ဆေးရည် ဒုတိယအရည်နှင့် ရောသွေး။ ဆေးရည်ဟင်းစားဇွန်(၁) ဇွန်းတွင်သကြားဇွန်းတစ်ဝက်၊ သံပုရာရည်ဇွန်းတစ်ဝက်၊ထို(၃) မျိုးပေါင်းပြီး ဟင်းစားဇွန်း(၂) ဇွန်းခန့်အားနံနက်၊
ညသောက်ပါ။
ခန္ဓာကိုယ် အနံ့ဆိုးခြင်းအတွက်ကရမက်၊ဥပသကာမြစ်(၂) မျိုးသွေးရည် ဟင်းစားဇွန်း(၁) ဇွန်းတွင်သံပုရာရည် ဇွန်းတစ်ဝက်စပ်၊ တနေ့(၂)ကြိမ်စွဲသောက်ပါ။
အပူလောင်နာများအတွက် ကရမက်ပျစ်ပျစ်သွေး၊တရော်ကင်ပွန်းရည်နှင့် စပ်၍ မကြာခဏလိမ်းပေးပါ။
အမျိုးသမီးကိုယ်အင်္ဂါပူခြင်း၊ အညှော်မိ၊ မန်းဝင်၊အနာရောင်ခြင်းအတွက် ကရမက်၊ဇာတိပ္ဖိုလ်သီးအဆန်ကိုရောသွေးပြီး နိုင်နိုင်လိမ်းပေးပါကယူပစ်သလိုသက်သာပါမည်။
ကလေးများ အနာမီး၊ အနာစက်ရောဂါများအတွက်ကရမက်၊ သြဇာသီးအခြောက်၊ အုန်းဆီနှင့်ရောသွေးပြီးအနာကို မကြာခဏလိမ်းပေးက သက်သာပျောက်ကင်း၏။
ဆီးအိမ်တွင် ဆီးရှိပြီး၊ ဆီးခုံရောင်တင်း၍ ဆီးပူ၊ဆီးအောင့်၊ ဆီးမသွားနိုင်ခြင်းအတွက် ကရမက်ကို ဆန်ဆေးရည် ပထမအရည်နှင့်ရောသွေး၊ ဆီးခုံနှင့် ဆီးသွား
အင်္ဂါတွင် နိုင်နိုင်လိမ်းအုံပေးပါက ချက်ခြင်းဆီးသွားနိုင်ပါမည်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ မီးတွင်းခေါင်းကိုက်ခြင်း၊ဇက်ကြောထိုးခြင်း၊ မျက်ရိုးကိုက်၍ ခေါင်းအုံ၊ ခေါင်းမကြည်လင်ခြင်းအတွက် ကရမက်အစကို ဓားဖြင့်အနည်းငယ်ခြစ်ယူပြီး နနွင်းမှုန့်နှင့် ဆတူရော၍ မီးခဲပေါ်တင်ပြီး အငွေ့မှိုင်းကိုရှူပေးလျှင် ချက်ခြင်းသက်သာ၏။
အနာရွတ်ဖြူခြင်း၊ မီးယပ်ကွက်ပေါ်ပြီး အဖြူကွက် ကြက်ဖင်ကွက်၊ ညှင်းပေါက်ခြင်းအတွက် ကရမက်၊နံ့သာနီ ရောသွေး၍ တစ်နေ့(၃) ကြိမ်ခန့် လိမ်းပေးပါ။
ကလေး၊ လူကြီး အဖျားကြီး၍ ကိုယ်ပူကြီးခြင်း
အတွက် ကရမက်၊ နံ့သာဖြူ(၂) မျိုး ရောသွေး၍ နဖူးကို(ပထမ) စလိမ်းပါ။ (၅) မိနစ်ခန့်စောင့်ပါက အပူများထွက်ပါမည်။ (ဒုတိယ) နဖူးနှင့် ချိုင်းနှစ်ဖက် လိမ်းပါ။(၅) မိနစ်ခန့်
စောင့်ပါ။(တတိယ) ခန္ဓာကိုယ် တစ်ကိုယ်လုံး ဆေးရည်နိုင်နိုင်လိမ်းခြင်းအားဖြင့် အပူများ ပြင်ပသို့ လမ်းကြောင်းသင့်စွာ ထွက်ခွာနိုင်ပါလိမ့်မည်။
{ မှတ်ချက်} အပူကြီးသောသူများ ဆေးရည်ကို ခန္ဓာကိုယ်အနှံ့သို့ တစ်ခါတည်း မလိမ်းရန်။ခန္ဓာကိုယ်ဧ။်အပူနှင့် ပြင်ပမှဆေးရည် ဆေးငွေ့တို့ ရုတ်တရက်ထိတွေ့ပါက ရေနွေးပူထည့်သောဖန်ခွက်ကို ရုတ်ခြည်းရေအေးထည့်သကဲ့သို့အပူအအေး ဝိရောဓိဓာတ်ပြင်းထန်ပြီး ဖန်ခွက်လန့်၍ကွဲသကဲ့သို့ ခန္ဓာကိုယ်သည်လည်း ရုတ်တရက် ရှော့ခ်ဖြစ်ပြီးဦးနှောက်အာရုံကြောထိခိုက်ခြင်း၊ သတိမလည်ခြင်းများဖြစ်တတ်ပါ၍ ဦးနှောက်နှင့် အနီးဆုံးနေရာဖြစ်သည့် နဖူးမှစ၍ အပူဓာတ်ကို စတင်ထွက်ခွာစေခြင်းပင် ဖြစ်ပါ၏။
သို့ပါ၍အမျိုးသမီးများမီးယပ်ရောဂါအမျိုးမျိုးနှင့်
မီးယပ်ဆုံးချိန်တွင်ကျန်းမာ၍ သွေးသားသန့်စင်စေရန်၊ကရမက်စစ်စစ်အား ဆောင်ထားကာ နေ့စဉ် ဟင်းစားဇွန်းတစ်ဇွန်းခန့် ကရမက်သွေးရည် ပုံမှန်သောက်ပေးသင့်ပါကြောင်း ဖတ်မိသမျှ ပြန်လည်မျှဝေလိုက်ပါသည်။
{ ညွှန်း } ဦးမင်းဇင်( ရွှေနဝင်း) ရေးသားသော "မိန်းမတို့အသက်ကရမက်" ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။
Credit
No comments yet. Start a new discussion.